ကောင်းဝါ ဇွန် ၁၄၊ ၂၀၂၃။
ရေးမြို့လယ် ကမ်းနားလမ်း ဝင်းသုခရတနာရွှေဆိုင်တန်းရှိရွှေဆိုင်တစ်ဆိုင် ယမန်နေ့ နံနက်စျေးဖွင့်ချိန်တွင် သေနတ်ပြ၍ရွှေပုံးလုယက်ခံရပြီး တန်ဖိုးငွေကျပ် သိန်း ၈၀၀ နီးပါးပါသွားဟု ရွှေဆိုင်အသိုင်းအဝိုင်းက ပြောသည်။
အင်တာနက်ပေါ်မှလည်းကောင်း ဖုန်းဆက်သွယ်၍လည်းကောင်း စာပေးပို့၍လည်းကောင်း အကြိမ်ကြိမ်ငွေတောင်းခံနေသည့်ကြားက ရေးမြို့”ရွှေလဝန်း” ရွှေဆိုင် လုယက်ခဲ့သည့်အဖွဲ့ကို ရိပ်မိသော်လည်း ထုတ်ပြောမရဲဟု ရွေရောင်းဝယ်ရေးသမားတစ်ဦးက ဆိုသည်။
“လုံခြုံရေးရှုထောင့်ကပြောရင် ကျနော်တို့ရွှေဆိုင်တန်းနဲ့ ကပ်လျက်နေရာမှာ စရဖရုံး SB ရုံးရှိတယ်၊ သေနတ်ပြလာလုတဲ့လူ ၂ ယောက် စီးလာတဲ့ဟွန်ဒါချော့ကလက်ရောင်ကားက ဆိပ်ကမ်းသာတည်းခိုခန်းရှေ့မှာ မနက်စောစောကတည်းက ရပ်ထားတာအကြာကြီး၊ အဲဒီအနီးအနားတဝိုက်မှာ CCTV ရှိပါတယ် လုပ်သွားတဲ့အဖွဲ့ကိုတော့ ရိပ်မိတယ်” ဟု ၄င်းက ပြောသည်။
ကော့လှိုင်ရွာသူ ရွှေဆိုင်ပိုင်ရှင်အနေဖြင့် ရေးတံတားအနီးတွင် ယခင်ပထမတစ်ကြိမ် ရွှေလုယက်ခံရဖူးကြောင်း သိရသည်။
ရေးမြို့နယ်အတွင်း ည ၆ နာရီမှ နံနက် ၆ နာရီအထိ ပုဒ်မ ၁၄၄ ညမထွက်ရ စစ်ကောင်စီအမိန့်ထုတ်ပြန်ထားသည့်ကြားက စတိုးဆိုင်ကြီးများ၊ ရွှေဆိုင်များ၊ လုပ်ငန်းရှင်ကြီးများမှ ဆက်ကြေးတောင်းခံ ခြိမ်းခြောက်ငွေညှစ်မှုများရှိကြောင်း သိရသည်။
