ကောင်းဝါ ဇွန် ၁၄၊ ၂၀၂၃။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့သော NLD အဖွဲ့ဝင် မွန်တိုင်းရင်းသား ရေးရာဝန်ကြီးဟောင်း ဦးမင်းတင်ဝင်း၏နေအိမ် ချိပ်ပိတ်ခံရကြောင်း စုံစမ်းသိရှိရသည်။
ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ ၆ ရပ်ကွက် ၂ လမ်းရှိ ၄င်း၏နေအိမ်ကို ယမန်နေ့ ဇွန်လ ၁၃ ရက် ညနေပိုင်းအချိန်တွင် အာဏာပိုင်များ လာရောက် ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။
ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRKH) အဖွဲ့တွင် ပါဝင်နေသောကြောင့် ၎င်းပိုင်ဆိုင်သော ထုံးအိုင်ကျေးရွာရှိ နေအိမ်အား ချိတ်ပိတ်သိမ်းဆည်းခြင်းဖြစ်ကြောင်း စစ်ကောင်စီတယ်လီဂရမ်များက သတင်းဖြန့်ထားသည်။
အလားတူ NUG ၏ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူထားသော နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေ၏ ထုံးအိုင်ကျေးရွာ အမှတ် (၇) ရပ်ကွက် အမှတ် (၂) ရှိ နေအိမ်ကိုလည်း ဇွန် ၁၃ ရက် ညနေပိုင်းတွင် သက်ဆိုင်ရာက လာရောက်ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။