ကောင်းဝါ (ဇွန် ၁၀-၂၀၂၃)
ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ယမန်နေ့ညက မြန်မာစစ်တပ်အမြှောက်တပ်မှ ပစ်ခတ်လာသော အမျိုးအစားမသိလက်နက်ကြီး ၃ လုံး ရွာအစွန်၌ ထပ်မံကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
လွန်ခဲ့သည့် ၂ ရက်တွင်လည်း ကျေးရွာအတွင်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဝင်ရောက်ရှိလာချိန်တွင် ဝယ်ဖယ်အမြှောက်တပ်မှ လက်နက်ကြီး ၃ လုံးပစ်ခတ်မှုကြောင့် ရပ်ကွက်(၅) နေ ရွေ့ပြောင်းအလုပ်သမတစ်ဦးသေဆုံး၊ နေအိမ် ၂ လုံးထိခိုက်ပျက်စီး၊ လူတချို့ထိခိုက် ဒဏ်ရာရသည့်အပြင် ညပိုင်းတွင်လည်း လက်နက်ကြီး ၃ လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း ရွာသားများက ပြောသည်။
အမည်မဖော်လိုသော ရွာသားတစ်ဦးက “ရွာမှာ ဘာလုံခြုံရေးမှရှိမနေဘူး အားလုံးကြောက်နေတဲ့ကြားကပဲ ညက ၉ နာရီခွဲကျော်လောက် လက်နက်ကြီး ၂ လုံး မိနစ်ခြားပြီး ပေါက်ကွဲတယ် တအောင့်ကြာတော့ နောက်တစ်လုံးထပ်ကျတယ်၊ လောလောဆယ် ဂေါင်ကြီးတစ်ယောက်ပဲ ထိခိုက်တာတွေ့တယ်၊ ကျန်တာမသိသေးဘူး ရွာမှာဘယ်သူမှ မသွားလာရဲကြဘူး”ဟု ရွာသားက ပြောသည်။
နှစ်ကရင်ကျေးရွာမြောက်ပိုင်း ဘောလုံးကွင်းအနီး ရပ်ကွက် (၅) နေ ဦးစိုးနိုင် မော်တော်ဆိုင်ကယ်ပြင်ရုံအနီး၌ ယမန်နေ့ (ဇွန် ၉ ရက်) ည ၉ နာရီခွဲကျော်ခန့်အချိန်တွင် လက်နက်ကြီးတစ်လုံး ကျရောက််ပေါက်ကွဲသဖြင့် ရွာသား ကိုဂေါင်ကြီး (အသက် ၃၀ နှစ်) ထိမှန်ဒဏ်ရာ(မစိုးရိမ်) ရရှိကြောင်း ရွာသားတစ်ဦးက ပြောသည်။
ရွာသူအမျိုးသမီးတစ်ဦးက “ရွာမှာရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီ ရပ်ကွက် ၅ မိသားစုတွေ ပြောင်းရွှေ့ခိုင်းနေတယ်လို့ သတင်းထွက်နေတယ်၊ ဟိုလူချောက် ဒီလူချောက်နဲ့ တခြားကို ပြောင်းသွားတဲ့လူတွေ လည်းရှိတယ်၊ လုံခြုံမှုအင်မတန်ကင်းမဲ့နေပြီ” ဟု ပြောသည်။
လတ်တလော နှစ်ကရင်၊ သပြေရွာသစ်၊ အနင်း လမ်း ၃ ခွဆုံရာအနီးတွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ လှို့ဝှက်ရောက်ရှိနေပြီး ကိုယ်ရောင်ဖြောက်၍ လှုပ်ရှားနေကြောင်း အတည်မပြုနိုင်သော ကောလဟာလသတင်းပြန့်နေသည့်အတွက် ရွာသားများစိုးရိမ်နေကြသည်ဟု သိရသည်။
အိမ်ခြေ ၂၀၀၀ ကျော် လူဦးရေ ၁၀၀၀၀ ဝန်းကျင်ရှိပြီး အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲနှင့် မူလတန်း ၃ ကျောင်းရှိသည့် နှစ်ကရင်ကျေးရွာတွင် ယခုအခါ ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့၊ စစ်တပ်လုံးဝမရှိဖြစ်နေပြီး လုံခြုံရေးအကာအကွယ်ကင်းမဲ့နေသည်ဟု သိရသည်။