ကောင်းဝါ (ဇွန် ၈-၂၀၂၃)
ရေးမြို့နယ်မြောက်ပိုင်းအစွန်ရှိ နှစ်ကရင်ကျေးရွာသို့ ယနေ့တွင် နံနက်တွင် KNU/PDF အဖွဲ့ ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးကို နေအိမ်မှခေါ်ဆောင်သွားပြီး မကြာမီတွင်ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရွာအနီးအနားရှိ ဝယ်ဖယ်အမြှောက်တပ်မှ ပစ်ခတ်လာသော လက်နက်ကြီးကျည်ထိမှန်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ရွာသားတစ်ဦးက ပြောသည်။
သို့ရာတွင် အထက်ပါ လက်နက်ကိုင်အဖွဲ့အစည်း၏အမည်နာမနှင့် အင်အားကို ကောင်းဝါမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
“မနက် ၉ နာရီလောက်မှာ အုပ်ချုပ်ရေးမှူး ကိုနေဝင်းမြင့်ကိုလာခေါ်သွားတယ်၊ နာရီဝက်လောက်မှာ လက်နက်ကြီးအသံ ၂ ချက်ကြားတယ်၊ အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်လာတယ် အဲဒီအဖွဲ့ပြန်ထွက်သွားတယ်၊ အမျိုးသမီးတစ်ယောက် လက်နက်ကြီအစမှန်လို့ သေတယ်၊ အိမ် ၂ လုံးထိပြီး အမိုးပွင့်သွားတယ်” ဟု ၄င်းက ပြောသည်။
နှစ်ကရင်ကျေးရွာ ရပ်ကွက်(၅) တရုတ်သင်းချိုင်းအနီး၌ မိသားစုဝင်များနှင့်အတူ နေထိုင်လျက်ရှိသော ရွေ့ပြောင်းအလုပ်သမ မတင်ကြီး (အသက် (၂၅) နှစ်ခန့်) ရေချိုးနေစဥ် အနီးအနားတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲထိမှန်၍ နှစ်ကရင်လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် မော်လမြိုင်သို့ ပို့ဆောင်စဥ် လမ်းတွင်သေဆုံးခဲ့သည်ဟု ၄င်းကဆိုသည်။
၄င်းက “ဒီနေ့မနက် ၉ နာရီခွဲကျော်ရုံလေးပဲ လက်နက်ကြီး ၂ လုံးရှေ့ဆင့်နောက်ဆင့် အရင်ကျတယ်၊ နာရီဝက်လောက်အကြာမှာ နောက်တစ်လုံးကျပြန်တယ် ရွာအပြင် တရုတ်သင်းချိုင်းကုန်းနားမှာပဲ၊ အနီးအနားမှာနေတဲ့ ရွေ့ပြောင်းမိသားစုဝင်အမျိုးသမီးတစ်ဦး လက်နက်ကြီးအစထိမှန်သွားတာ ဗိုက်တွေအူတွေပွင့်တယ်၊ ကယ်ဆယ်ရေးကားသွားယူပြီး ရွာအထွက်မှာအသက်ထွက်သွားတယ်” ဟု ပြောသည်။
နှစ်ကရင်ရွာအပြင်ရှိ တရုတ်သင်းချိုင်းကုန်းအနီးတဝိုက်တွင် အင်အား ၂၀ ဝန်းကျင်ရှိ အဆိုပါလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ယမန်နေ့ကတည်းက ရောက်ရှိလာသည်ဟု ရွေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။
၄င်းက “ရွာမှာစစ်တပ်မရှိ ရဲမရှိ ပြည်သူ့စစ်ဘာမှမရှိဘူး၊ မနေ့ကတည်းက ကျနော်တို့တဲ အနီးအနားကို အဲဒီအဖွဲ့ရောက်လာတယ်၊ ပြီးတော့ ရွာထဲဝင်ပြီးအောက်စျေးဘက်မှာ သူတို့ကိုယ်ယောင်ထွက်ပြတယ်၊ ရွာထဲရှောက်သွားတာလည်းတယ်၊ ဒီနေ့မနက် ရွာအုပ်ချုပ်ရေးမှူးကို သွားခေါ်တယ်၊ လက်နက်ကြီးကျတယ် ပြီးတော့အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်လိုက်တယ်၊ တိုက်ပွဲဖြစ်တာမရှိဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက် ညနေပိုင်းကလည်း နှစ်ကရင်အောက်စျေး၌ KNU/PDF အဖွဲ့ တကြိမ်လာရောက်ရှိလာသည့်အပြင် လူမရှိသောရဲစခန်းရှေ့တွင်လည်း အမှတ်တရဓါတ်ပုံရိုက်ကြသည်ဟု သိရသည်။
ရဲစခန်းတစ်ခုသာရှိသော နှစ်ကရင်ကျေးရွာတွင် အိမ်ခြေ ၂၀၀၀ ဝန်းကျင်ခန့်ရှိပြီး ရဲများသည်လည်း နှစ်ကရင်နှင့် မော့ကနင်ကျေးရွာအကြားရှိ ဝယ်ဖယ်အမြှောက်တပ်သို့ အားလုံးပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မေလ ၂၁ ရက် နံနက်ပိုင်းက နှစ်ကရင်ကျေးရွာနှင့်ဆက်စပ်နေသည့် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာဘူတာရုံပိုင်းသို့ KNU/PDF ဝင်ရောက်လာပြီး ဆိုင်ကယ်စီးလာသော ရွာသားတစ်ဦးသေနတ်ပစ်ခံထိ၍ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည့် ဖြစ်စဥ်ရှိခဲ့သည်။