၂၀၀၈ မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အမျိုးသားလွှတ်တော် ၂၂၄ နေရာအတွက် ရွေးချယ်ခံကိုယ်စားလှယ် ၁၆၈ ဦးနဲ့ ၂၅ ရာခိုင်နှုန်းအလိုအလျောက်ပါဝင်တဲ့ တပ်ကိုယ်စားလှယ် ၅၆ ဦးတို့ပါဝင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၄၀ နေရာမှာ ရွေးချယ်ခံကိုယ်စားလှယ် ၃၃၀ နေရာနဲ့ ၂၅ ရာခိုင်နှုန်းအလိုအလျောက်ပါဝင်တဲ့ တပ်ကိုယ်စားလှယ် ၁၁၀ နေရာ ရှိပါတယ်။
လွှတ်တော် ၂ ပေါင်းတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော် ၄၄၀ နေရာနဲ့ အမျိုးသားလွှတ်တော် ၂၂၄ နေရာ စုစုပေါင်း ၆၆၄ နေရာဖြစ်ပြီး တပ်ကိုယ်စားလှယ် ၁၆၆ နေရာဖြစ်တာကြောင့် ၂၅ ရာခိုင်နှုန်းပါဝင်ပါတယ်။
လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၆၄ ရဲ့ ထက်ဝက်ကျော် အနည်းဆုံး ၃၃၂ နေရာရှိတဲ့ပါတီက အစိုးရဖွဲ့ပြီး ဦးဆောင်မယ့် နိုင်ငံတော်သမ္မတကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
သို့ပေမယ့် ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၂၀၁၇ မှာက အထက်လွှတ်တော် ၂၅၀ နေရာသတ်မှတ်ပေးထားတဲ့အထဲ မြို့နယ်ခရိုင်အမတ် ၁၉၄ နေရာကို ယခင် အာဏာရစစ်အစိုးရမှ ရွေးချယ်ပေးခဲ့ပြီး လူမှုရေးနယ်ပယ်အုပ်စု ၁၀ ခုကို ကိုယ်စားပြုတဲ့တတ်သိပညာရှင် ၅၀ နေရာအပြင် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန်၊ အမျိုးသားရဲချုပ်၊ တပ်မတော်ရေနဲ့ လေတပ်အကြီးအကဲတွေ ၆ နေရာပါဝင်တယ်၊ ၂၀၂၀ ခုနှစ်အထိ၊ အထက်လွှတ်တော်အမတ် ၂၅၀ အနက် ၁၀၄ ဦးဟာ စစ်တပ်(သို့မဟုတ်) ရဲအရာရှိတွေ ဖြစ်ကြပါတယ်။ ပြည်သူလူထုက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တစ်ဦးတစ်ယောက်မှ မပါဝင်ပါ။
ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ဖြစ်တဲ့ ထိုင်းအောက်လွှတ်တော် ၅၀၀ နေရာအတွက်ကိုပဲ ပြည်သူလူထုက မဲထည့်ပေးရတာပါ။ တစ်ပြည်လုံးမှာ မဲဆန္ဒနယ်မြေ ၄၀၀ သတ်မှတ်ပေးထားပြီး ကျန် ၁၀၀ နေရာကို Party List နဲ့ ကိုယ်စားလှယ် သတ်မှတ်ပေးထားတဲ့ PR စနစ်ကျင့်သုံးပါတယ်။
မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ဒေသကိုယ်စားလှယ်အမတ်တစ်ဦးအတွက် ဆန္ဒမဲတစ်မဲနဲ့ မိမိထောက်ခံလိုတဲ့ ပါတီအတွက်မဲတစ်မဲ စုစုပေါင်း ၂ မဲ ထည့်ရပါတယ်။ ထိုင်းနိုင်ငံသား မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်နိုင်ငံ၊ ဘယ်ဒေသကိုပဲရောက်ရှိလို့နေပါစေ ရပ်ဝေးကနေ ကြိုတင်မဲအလွယ်တကူပေးနိုင်စနစ်ကို ရွေးကောက်ပွဲကော်မရှင်က စီစဥ်ပေးထားပါတယ်။ နိုင်ငံသားတွေရဲ့ မှတ်ပုံတင်ဟာ Smart Card ဖြစ်တာကြောင့် လူတစ်ဦး မဲတစ်ကြိမ်ထက် ပိုထည့်လို့မရသလို လူစားထိုးလို့လည်း မရနိုင်ပါဘူး။
မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော် ၆၆၄ နေရာမှာ ရွေးချယ်ခံမဟုတ်တဲ့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီးတော့ ထိုင်းရဲ့အထက်အောက်လွှတ်တော် ၂ ရပ်ပေါင်း ၇၅၀ နေရာမှာ ရွေးချယ်ခံမဟုတ်တဲ့ကိုယ်စားလှယ် ၃၃ ဒဿမ ၃၃ ရာခိုင်နှုန်းပါဝင်နေတာ တွေ့ရပါတယ်။ ဒါက ဒီဖွဲ့စည်းပုံ ၂ ခုရဲ့ အဓိကသော့ချက်တွေပဲ ဖြစ်ပါတယ်။
အနိုင်ရပါတီအနေနဲ့ အထက်အောက်လွှတ်တော် ၂ ရပ်ပေါင်းရဲ့ထက်ဝက်ကျော် ၃၇၆ နေရာရရှိမှသာ အစိုးရဖွဲ့နိုင်မှာဖြစ်တဲ့အတွက် ပါတီတစ်ခုအနေနဲ့ အပြတ်အသပ်မဲအနိုင်ရရှိဖို့ဆိုတာ ရာခိုင်နှုန်းအလွန်နည်းပါးပြီး ယခု ၂၀၂၃ ခုနှစ် ထိုင်းရွေးကောက်ပွဲမှာ နိုင်ငံတဝန်း ၆၇ ပါတီဝင်ရောက်ယှဥ်ပြိုင်တဲ့နေရာမှာ ၁၈ ပါတီ အောင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံတဝန်း ၆၇ ပါတီ ဝင်ရောက်ယှဥ်ပြိုင်တဲ့အထဲ ၁၈ ပါတီက အသီးသီးအောင်နိုင်ခဲ့ပြီး လူကြိုက်များတဲ့ Pita Limjaroenrat ခေါင်းဆောင်တဲ့ Move Forward ပါတီက ၁၅၂ နေရာနဲ့ ၃၆ ဒဿမ ၂၃ ရာခိုင်နှုန်း မဲအများဆုံး၊ Paetongtarn Shinawatra ခေါင်းဆောင်တဲ့ Pheu Thai ပါတီက ၁၄၁ နေရာနဲ့ ၂၇ ဒဿမ ၆၆ ရာခိုင်နှုန်း ဒုတိယမဲအများဆုံးရရှိခဲ့ပြီး ညွန့်ပေါင်းအစိုးရ တရပ်ဖွဲ့နိုင်ဖို့ အပြင်းအထန်ကြိုးစားရဦးမှာ ဖြစ်ပါတယ်။
ကိုးကားချက်များ
- 2023 Thai general election-Wikipedia
-Senate of Thailand – Wikipedia
-The appointed Senate-Bangkok Post